International News

ဒူဘိုင်းတွင် ပျက်စီးလွယ်သော ကုန်ပစ္စည်းများအား လတ်ဆတ်မှုရှိစေရန် dnata မှ အဆင့်မြင့် ကွင်းဆက်အေးခဲသိုလှောင်ခန်းများ တည်ဆောက်ထား

Last Updated:

ကမ္ဘာ့ထိပ်တန်းလေကြောင်းနှင့် ခရီးသွားဝန်ဆောင်မှုပေးသောကုမ္ပဏီကြီးဖြစ်သည့် dnata သည် ဒူဘိုင်းရှိ ၎င်းတို့၏အဆင့်မြင့်ကွင်းဆက်အေးခဲသိုလှောင်ခန်းများမှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ ၁၂ လတာကာလအတွင်း ပျက်စီးလွယ်သောကုန်ပစ္စည်း တန်ချိန် ၁၃၅,၀၀၀ ကို သိုလှောင်ထားရှိခဲ့ပါသည်။ ဒူဘိုင်းသို့ တင်သွင်းသည့် လူကြိုက်အများဆုံးကုန်ပစ္စည်းများတွင် သရက်သီး၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ထောပတ်သီးနှင့် ချယ်ရီသီးများကဲ့သို့သော သစ်သီးနှင့်ဟင်းသီးဟင်းရွက်တို့ပါဝင်ပါသည်။ ၎င်းတို့ကို အဓိကအားဖြင့် ဥရောပ၊ အရှေ့ဖျား၊ တောင်အာရှနှင့် အာဖရိက စသည့်နေရာများမှ တင်သွင်းထားခြင်းဖြစ်ပါသည်။ dnata သည် အီသီယိုးပီးယားနိုင်ငံသို့ အေးခဲငါးများ၊ ဂျီဘူတီနိုင်ငံသို့ ပေါင်မုန့်နှင့်ဒိန်ချဉ်များအပြင် ဆိုမာလီယာနိုင်ငံသို့ လတ်ဆတ်သောနွားနို့များအပါအဝင် ယူအေအီးဒေသတွင်းမှ ပျက်စီးလွယ်သော ကုန် ပစ္စည်းအများအပြားကို တင်ပို့ခဲ့ပါသည်။

dnata သည် ပျက်စီးလွယ်သောကုန်ပစ္စည်းများကို ဘေးကင်းစွာထိထိမိမိ ကိုင်တွယ်နိုင်စေရန်အတွက် အခြေခံအဆောက်အအုံနှင့် စက်ကိရိယာများအား ရင်းနှီးမြှုပ်နှံမှုများကို သိသာထင်ရှားစွာ ဆက်လက်ဆောင်ရွက်လျက်ရှိပါ သည်။ ဒူဘိုင်းရှိနွေရာသီပတ်ဝန်းကျင်အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်ကျော် မြင့်တက်လေ့ရှိသဖြင့် ကုန်ပစ္စည်းကိုင်တွယ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်၏ အပူချိန်ထိန်းချုပ်မှုများအတွက် နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေး အသင်း၏  စံချိန်၊ စံနှုန်းအားလုံးကို ထိန်းသိမ်းထားရှိရန်အတွက် dnata မှ ခေတ်မီအဆောက်အဦများအား တည်ဆောက်ထားရှိပါသည်။၎င်းတွင် အပူချိန် ထိန်းချုပ်မှုစနစ်ဖြင့် ပျက်စီးလွယ်သောကုန်ပစ္စည်းများနှင့် ဆေးဝါးများအား အအေးပေးထားရှိရန် အထူးဒီဇိုင်းထုတ်ထားသည့် အဆင့်မြင့်နည်းပညာဖြင့်တည်ဆောက်ထားသော 'cool dollies' အအေးခန်းကုန်သေတ္တာများအား လေကြောင်းဖြင့် အပြန်အလှန်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ ပါဝင်ပါ သည်။

ဒူဘိုင်းရှိအချက်အခြာကျသည့် Dubai World Central (DWC) လေဆိပ်စင်တာရှိ dnata ၏ အေးခဲကွင်းဆက်သိုလှောင်ခန်းများသည် သီးခြားသိုလှောင်မှုဧရိယာစုစုပေါင်း ၂၂ ခုဖြင့် ဝန်ဆောင်ထားရှိပြီး အပူချိန်-၂၀ ဒီကရီစင်တီဂရိတ်အထိ နက်နဲစွာအေးခဲထားရှိနိုင်မှုမှ ၂၅ ဒီကရီစင်တီဂရိတ် အခန်းအပူချိန်အထိ ထိန်းချုပ်ထားရှိနိုင်ပါသည်။

အရင်းအမြစ် - focus.hidubai.com

(ဦးနန္ဒာစိုးမြင့်)

Category: International News